အသည်းပျက်စီးနေပြီဆိုတာကို သိနိုင်စေမယ့် လက္ခဏာများ
အသည်းက ခန္ဓာကိုယ်အတွက် အရေးအကြီးဆုံး အင်္ဂါအစိတ်အပိုင်းတွေထဲက တစ်ခုဆိုတာကို သံသယဖြစ်စရာ မလိုအောင်ကို မှန်ကန်နေပါတယ်။ အသည်းက ဝမ်းဗိုက်ရဲ့ ညာဘက် အထက်နားမှာ ရှိပြီး စားလိုက်တဲ့ အစားအစာတွေကို ခန္ဓာကိုယ်မှာ အင်အားအဖြစ် ဖြိုခွဲဖို့ သည်းခြေရည်တွေကို ထုတ်ပေးသလို သောက်သုံးလိုက်တဲ့ ဆေးဝါးတွေ အရက်နဲ့ မူးယစ်ဆေး၊ အဆိပ်အတောက်တွေကို သွေးထဲကနေ ဖယ်ရှားပေးတဲ့ တာဝန်ကိုလည်း လုပ်ဆောင်ပေးပါတယ်။ လိုအပ်တဲ့ အဆီတွေကို သိမ်းဆည်းပေးသလို ကူးစက်ရောဂါတွေကိုလည်း တိုက်ထုတ်ပေးပါတယ်။ ကိုယ်ခံအားအတွက် လိုအပ်တဲ့ သွေးဥမွှားတွေကိုလည်း ပရိုတင်း ထောက်ပံ့ပေးပါသေးတယ်။
ဒီလို လုပ်ငန်းဆောင်တာတွေ အများကြီး လုပ်ပေးနေတဲ့ အသည်းက အရေးကြီးတယ်ဆိုတာကို ပြောစရာ မလိုအောင်ကို သိနားလည်ကြမယ်ထင်ပါတယ်။ ဒါကြောင့် အသည်းကို ထိခိုက်မှု မရှိအောင် သေချာလေး ဂရုစိုက်ဖို့ လိုသလို အသည်းမှာ မကျန်းမာတဲ့ လက္ခဏာ တစ်ခုခုရှိလားဆိုတာကို သေချာလေး စောင့်ကြည့်ပြီး အသည်း ထိခိုက်တဲ့ လက္ခဏာ တစ်ခုခု တွေ့ရပြီ ဆိုတာနဲ့ ချက်ချင်း ကုသမှု ခံယူတာမျိုး လုပ်ဆောင်ဖို့ လိုပါမယ်။
အသည်းမှာ ရောဂါ အမျိုးမျိုး ဖြစ်နိုင်သလို ရောဂါအလိုက် ခံစားရတဲ့ လက္ခဏာတွေကလည်း ကွာခြားနိုင်ပါတယ်။ အသည်းရောဂါက စောစောသိ စောစော ကုသမယ်ဆိုရင် သက်သာနိုင်ခြေလည်း များပါတယ်။ ဒီတော့ အသည်းရဲ့ အချက်ပြလက္ခဏာတွေကို သိရှိ ကာကွယ်နိုင်စေဖို့အတွက် စာလေးကို ဆုံးအောင် ဖတ်ကြည့်လိုက်တော့နော်။
အသည်းကို ထိခိုက်စေတဲ့ အကြောင်းအရင်းများ
အသည်းကို ဘာတွေကများ ထိခိုက်စေတာလဲ? ခြုံပြီးပြောရရင် အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို အဟန့်အတား ဖြစ်စေနိုင်တဲ့ အရာတွေက အသည်းကို ထိခိုက်စေတာပါပဲ။ အသည်းရောဂါ အများစုက ကာလရှည်ကြာ ခံစားရပြီးမှ အသည်းက ကောင်းစွာ အလုပ်မလုပ်နိုင်တော့တဲ့ အချိန်မှာ တော်တော်လေး ပျက်စီးနေမှ သိရတာ များပါတယ်။
အသည်းကို ထိခိုက်စေနိုင်တဲ့ အခြေအနေ ၂ ရပ် ရှိပါတယ်. တစ်ခုကတော့ နာတာရှည် အသည်းရောဂါပါ။ နောက်တစ်ခုကတော့ ပြင်းထန်အသည်းရောဂါတွေပါ။
ပြင်းထန်တဲ့ အသည်းရောဂါ ဆိုတာက အသည်းရောင်အသားဝါ အေ နဲ့ အီးတို့လိုမျိုး အဖျားတက်တာ၊ ဗိုက်အောင့်တာတွေကိ ပြင်းပြင်းထန်ထန် ခံစားရပြီး နောက်ပိုင်းမှာ အသားဝါရောဂါကို ဆက်ခံစားရတာမျိုးပါ။
နာတာရှည် အသည်းရောဂါက အသည်းကို တဖြည်းဖြည်းချင်း ပျက်စီးစေတာမျိုးပါ။ အစောပိုင်းကာလတွေမှာတော့ သတိတောင် မထားမိကြပါဘူး။ ရောဂါကျွမ်းမှ သတိထားမိပြီး ကိုယ်အလေးချိန် ကျလာတာ၊ အသားဝါတာဈ ခြေလက်တွေ ဖောရောင်တာကို ခံစားရမှ အသည်းပျက်စီးနေပြီဆိုတာကို သိတာမျိုးပါ။
အသည်းပျက်စီးနေကြောင်းအချက်ပြ လက္ခဏာတွေက ဘာတွေများလဲ?
အခုလို လက္ခဏာတွေ ခံစားနေရပြီဆိုရင် အသည်း ပျက်စီးနေပါပြီ။
- အသားတွေ ယားယံမယ်
အသည်းထိခိုက်ပျက်စီးနေပြီဆိုရင် အတွေ့ရများတဲ့ လက္ခဏာ တစ်ရပ်က အသားတွေယားတာပါ။ ဒီအခြေအနေက သည်းခြေပြွန်မှာ ကျောက်တည်တာ၊ သည်းခြေပြွန် ကင်ဆာ ဒါမှမဟုတ် ပန်ကရိယ အထက်ပိုင်းနားမှာ ကင်ဆာဖြစ်နေတာ အသည်းခြောက်နေပြီဆိုတာတွေကို ဖော်ပြနေတဲ့ လက္ခဏာပါ။
အရေပြားမှာ အဖုအပိမ့်တွေ ရှိနေတာမျိုး မဟုတ်ဘဲ ယားယံတာမျိုးကို ခံစားရနိုင်ပါတယ်။ အရမ်းကုန်ဖဲ့တာကြောင့် အနာတွေဖြစ်တာ၊ အရေပြားမှာ မအီမသာဖြစ်တာ၊ နီမြန်းတာ ၊ ပိုးဝင်တာမျိုးတွေတော့ နောက်ဆက်တွဲ ခံစားရနိုင်ပါတယ်။
- ပင့်ကူမျှင်သွေးကြောတွေ ဖြစ်လာတာ
သေးငယ်တဲ့ ဆံချည်မျှင်သွေးကြောလေးတွေက မျက်နှာ နဲ့ ခြေထောက်အရေပြား အောက်ဖက်မှာ ပင့်ကူမျှင်တွေလို ယှက်ဖြာပြီး မြင်သာလာတဲ့ အနေအထားပါ။ ဒီအခြေအနေက ကိုယ်တွင်းမှာ oestrogen ဟော်မုန်းတွေ များနေပြီး အသည်းက ဇီဝဖြစ်ပျက်မှုတွေနဲ့ ဟော်မုန်းပြောင်းလဲမှုတွေကို ကောင်းကောင်း မလုပ်ဆောင်နိုင်တော့ဘူးဆိုတာကို ဖော်ပြနေတာပါ။
အသည်းရွတ်နာဖြစ်သူတွေ၊ အရက်ကြောင့် အသည်းထိခိုက်နေသူတွေမှာလည်း ဒီလက္ခဏာကို တွေ့ရနိုင်ပါတယ်။
- အညိုအမဲ စွဲလွယ်တယ်။ သွေးထွက်လွယ်မယ်
အသည်းပျက်စီးနေကြောင်း သတိပေးလက္ခဏာ နောက်တစ်ခုကတော့ သွေးထွက်လွယ်တာ၊ အညိုအမဲစွဲလွယ်တာပါ။ အကြောင်းကတော့ အသည်းမှာ ပုံမှန် သွေးခဲမှု ဖြစ်စဉ်ကို လုပ်ဆောင်ပေးနိုင်တဲ့ ပရိုတင်း မထုတ်လုပ်နိုင်တော့တာကြောင့်ပါ။
ဒီလိုဖြစ်တဲ့အခါ အရေပြားအောက်မှာ သွေးတွေ အိုင်လာပြီး အညိုအမဲစွဲတာကို ဖြစ်စေနိုင်ပါတယ်။ အရေပြားမှာ အနက်ရောင်၊ အပြာရောင်၊ အညိုရောင် နဲ့ ခရမ်းရောင် အကွက်လေးတွေ ဖြစ်နိုင်ပါတယ်။ နောက်ပိုင်းမှာ အရောင်ပြောင်းလာတာမျိုးလည်း ရှိနိုင်ပါတယ်။
- ခြေထောက်တွေ ရောင်မယ်
နာတာရှည် အသည်းရောဂါကို ခံစားရတဲ့အခါ ခြေထောက်မှာ အရည်တွေ စုပုံတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေက ခြေထောက်တွေ ဖောရောင်တာဖြစ်စေပါတယ်။ နောက်တစ်ခုအနေနဲ့ သွေးပြန်ကြောတွေအပေါ်မှာ ဖိအားသက်ရောက်မှုတွေ များလာတာပါ။
- ရေဖျဉ်းဖြစ်မယ်
နာတာရှည် အသည်းရောဂါ ဖြစ်တဲ့အခါ ဝမ်းဗိုက်ပိုင်းမှာ အရည်တွေ စုပုံလာပြီး ဗိုက်ကြီးဖောင်းလို့ ရေဖျဉ်းစွဲတာကို ဖြစ်စေနိုင်ပါတယ်။ အရက်ကြောင့် အသည်းရောင်တာ အသည်းထိခိုက်ပျက်စီးတာနဲ့ အသည်းက သွေးပြန်ကြောတွေ ကောင်းစွာ အလုပ်မလုပ်နိုင်တဲ့ အခါမျိုးမှာလည်း ဗိုက်မှာ အရည်တွေစုတာမျိုး ဖြစ်နိုင်ပါတယ်။
- သွေးအန်တာ
နာတာရှည် အသည်းပျက်စီးမှုက အချိန်ကြာမြင့်လာချိန်မှာ သွေးအန်တာကို ခံစားရနိုင်ပါတယ်။ ဒီအခြေအနေက အရေးပေါ် ကုသမှု လိုအပ်နေတဲ့ အခြေအနေပါ။ အစာရေမျိုနဲ့ အစာအိမ်ထဲက သွေးကြောတွေကနေ သွေးယိုစီးမှုတွေ ဖြစ်မယ်ဆိုရင် သွေးအန်တာ၊ သွေးဝမ်းသွားတာတွေကို တွေ့ရနိုင်ပါတယ်။
- အိပ်ရေးပျက်တာ
အသည်းရောဂါ ခံစားနေရသူတွေမှာ အိပ်ပျော်ဖို့ ခက်တာကို တွေ့ရနိုင်ပါတယ်။ အသည်းရွတ်နာ ဖြစ်နေတဲ့သူတွေမှာ နေ့ဘက်မှာ ငိုက်မြည်းနေကြပေမယ့် ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်ဖို့ ခက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။
အသည်း မပျက်စီးစေဖို့ ဆိုရင်
- အရက်ဖြတ်ပါ
- ဆေးလိပ်ဖြတ်ပါ
- ကိုယ်အလေးချိန် ထိန်းပါ
- ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ
- ဗီတာမင်တွေ အလွန်အကျွံ မှီဝဲတာမျိုး မလုပ်ပါနဲ့
- ကိုယ့်ကိုယ်ကိုယ် အဆိပ်အတောက် ဖယ်ရှားပါ
- အကာအကွယ်မဲ့ လိင်ဆက်ဆံတာမျိုး မလုပ်ပါနဲ့။
မွန်မွန်